ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်သည့် သူရဲကောင်းအာဇာနည် အမျိုးသမီး

ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်သည့် သူရဲကောင်းအာဇာနည် အမျိုးသမီး

ဂျုန်းအော့အတ် (Joan of Arc) (ပြင်သစ်- Jeanne d’Arc) (၁၄၁၂-၁၄၃၁)

ဂျုန်းအော့အတ်ဆိုတာ ၁၅ ရာစုနှစ်အတွင်းက ပြင်သစ်နိုင်ငံကို အင်္ဂလိပ်တို့ရဲ့ ဘေးမှ ကယ်တင်လိုက်သော ပြင်သစ် အမျိုးသမီးသူရဲကောင်း အာဇာနည်ပဲ ဖြစ်ပါတယ်။

သူမဟာ ကမ္ဘာပေါ်တွင် ရှိခဲ့သမျှ အမျိုးသမီးများထဲတွင် အထင်အရှားဆုံး တစ်ယောက်ဖြစ်ပြီး သူရဲ့ အတ္ထုပ္ပတ္တိမှာလည်း မယုံနိုင်လောက်အောင်ပင် ထူးခြားလှပါတယ်။

သူမ၏အမည်မှာ ပြင်သစ်ဘာသာဖြင့် “ဇန်းဒါ့”ဟု ခေါ်ပါတယ် ၊ “အော်လီယန်းမြို့၏ လုံမပျို” ဆိုတဲ့ အဓိပ္ပါတယ်ပါ။

၁၄၁၂ ခုနှစ်တွင် ဒွန်ရမီလာပွီစဲမြို့ကလေးတွင် မွေးဖွားပြီး ကွယ်လွန် အနိစ္စရောက်သောအခါမှာတော့ ဂျုန်းဟာ အသက် ၂ဝ အရွယ်မျှသာ ရှိပါသေးတယ်။ ဂျုန်းဟာ သူလိုငါလို သာမန်အမျိုးသမီးကလေး တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သူပါ။

မိဘများမှာ ဝမ်းရေးဖူလုံသော လယ်သမားများ ဖြစ်ကြပါတယ်။ ဂျုန်းဟာ အိမ်မှု ကိစ္စများတွင် မိခင်ကိုကူညီလျှက် ၁၃ နှစ်သမီးအရွယ်သို့ ရောက်သောအခါ ဘုရားတရားကို အထူးလိုက်စားခဲ့ပါတယ်။

ထိုအချိန်က အင်္ဂလိပ်နှင့် ပြင်သစ်တို့၏ နှစ်တစ်ရာ စစ်ပွဲကြီး ဖြစ်ပွားနေစဉ်ကာလပြီး ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာတော့ အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်လျက်ရှိတဲ့ ကာလပါ။

ဂျုန်းဟာ ရပ်ရွာ ဘုရားရှိခိုးကျောင်းမှာ ဘုရားဝတ်ပြုနေစဉ် စိန်မာဂရက်နှင့် စိန်ကက်သရင်းတို့က သူ့အားမည်သို့ ဆောင်ရွက်ရန် ပြောပြနေသည်ကို ထူးခြားစွာကြားရတယ်လို့ဆိုပါတယ်။

ထိုထူးခြားသည့် အကြောင်းအရာကို တစ်ခြားသူများအား ပြောပြသော်လည်း ယုံကြည်နိုင်ဖွယ် မရှိသဖြင့် ဂျုန်းသည် မိမိရင်ထဲတွင် မျိုသိပ်ထားခဲ့ရပါတယ်။ ထိုကဲ့သို့ ၄ နှစ်တိတိ ဆက်လက် ကြားနေခဲ့ရသည် ဟုဆိုပါတယ်။

ဂျုန်း ၁၇ နှစ်အရွယ်သို့ ရောက်သောအခါ ဘိသိက် မခံရသေးသော ပြင်သစ်နိုင်ငံဘုရင် သတ္တမချား ထံသို့ သွားရောက် အကူအညီပေးရန် တိုက်တွန်းသံကို ကြားရပြန်ပါတယ်။

ထို့ကြောင့် မိဘဆွေမျိုးသားချင်း မိတ်ဆွေများနှင့် ကိုးကွယ်သော ဘုန်းတော်ကြီးများက တားမြစ်သော်လည်း ချားဘုရင် ရှိရာသို့ထွက်ခွာလာခဲ့ပါတယ်။ ချားဘုရင်နှင့်တွေ့သောအခါ ပြင်သစ်နိုင်ငံတော်အရေးကို ဘုရားသခင်၏ အလိုတော်အရ ကူညီရန် လာရောက်ခြင်းကြောင်း လျှောက်တင်ပါတယ်။

ချားကလည်း ဂျုန်း၏ လျှောက်တင်ချက်ကို ယုံကြည်လျက် ကူညီရန် ခွင့်ပြုလိုက်ပါတယ်။ ချားမှာ ဘုရင်ဟုသာ အမည်ခံယူထားသော်လည်း ဘိသိက်မခံရသေးပါ။ ထို့ကြောင့် ချားအား ပြင်သစ်ဘာသာဖြင့် ဒိုဖန် ဟုခေါ်ပါတယ်။

ချားဟာ ဘဏ္ဍာရေး အလွန်ချို့တဲ့အတွက်ကြောင့် ဆင်းရဲစွာ နေထိုင်ရတယ်လို့ ဆိုပါတယ်။ဒါကြောင့် အင်္ဂလိပ်တို့၏ ကျူးကျော်မှုကို စွမ်းစွမ်းတမံ တွန်းလှန်နိုင်သည့် အင်အားတောင့်တင်းသော စစ်တပ်ကြီးများကို ဖွဲ့စည်းကာ ရွပ်ရွပ်ချွံချွံ မတိုက်ခိုက်နိုင်ခဲ့ပါဘူး။

ထိုအချိန်တွင် ပြင်သစ် တစ်နိုင်ငံလုံးလိုလို အင်္ဂလိပ်တို့ လက်အောက် ရောက်နေပြီးလျှင် အော်လီယန်းမြို့ကြီးမှာလည်း ကျဆုံးလုဆဲဆဲ ဖြစ်နေတဲ့အချိန်ပါ။

ဂျုန်းဟာ ချား၏ အမိန့်ဖြင့် သောင်းတပ်ကြီးကို ကွပ်ကဲအုပ်ချုပ်ခွင့် ရခဲ့သူပါ။ ဒါ့ကြောင့် ချပ်ဝတ် တန်ဆာတို့ကို ဆင်မြန်းပြီး ဂျုန်းဟာ ပြင်သစ် အလံတော်ကြီးကို တလူလူ လွှင့်ထူပြီးလျှင် တပ်ဦးမှနေ၍ ရဲဝံ့စွာ ချီတက်ပါတော့တယ်။

နောက်ပါ တပ်သားများကလည်း များစွာ စိတ်အားတက်ကြွလျက် လိုက်ပါကြပါတယ်။ ဂျုန်း၏ တပ်ကြီးသည်လည်း တိုက်ပွဲ တစ်ခုပြီးတစ်ခု အောင်မြင်လျက်ရှိပါတယ်။

၁၄၂၉ ခုနှစ်၊ မေလတွင် ရန်သူ့လက်တွင်းသို့ ကျလုဆဲဆဲ အော်လီယန်းမြို့ကြီးကို ကယ်တင်နိုင်ခဲ့ပါတယ်။ဂျုန်းကိုယ်တိုင် ရှေ့ဆောင်လျက် တိုက်ခိုက်သဖြင့် ရန်သူတို့အရေးနိမ့်၍ ဆုတ်ခွာ ထွက်ပြေးကြရပါတယ်။

ဤသို့ဖြင့် အော်လီယန်းမြို့တိုက်ပွဲမှာ နိုင်ငံသမိုင်းတွင် ထင်ရှားခဲ့သူပါ။ ထိုတိုက်ပွဲကြီး အပြီးတွင် မိမိကြည်ညိုလေးစားလှသော ချားကို ဘုရင်အဖြစ် ဘိသိက်ခံနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါသေးတယ်။

ပြင်သစ်ဘုရင်တို့သည် ရိမ်းမြို့တွင်သာ ဘိသိက်ခံရမြဲ အစဉ်အလာရှိရာ ထိုမြို့တွင် ရန်သူတို့ မရှင်းလင်းသေးသော်လည်း ဂျုန်းက တာဝန်ယူ စောင့်ရှောက်ကာကွယ်ပြီး ထိုမြို့၌ ချားကို ဘိသိက်ခံစေပါတယ်။

ဤသို့ဖြင့် ဂျုန်းဟာ ယောက်ျားကောင်းတို့ ဆောင်ရွက်နိုင်ခဲသော ကိစ္စများကိုပင် အောင်မြင်ခဲ့သဖြင့် သူ၏ ဂုဏ်သတင်းမှာ လွန်စွာ ထင်လင်းခဲ့ပါတော့တယ်။

ထို့နောက်တွင် သူကြားနေကြ ဖြစ်သော ညွှန်ကြားချက်များကို မကြားရတော့သဖြင့် သူ့မအလုပ်ပြီးပြီဟု ယူဆကာ နေရပ်သို့ပြန်ဖို့စီစဉ်ပါတယ်။ သို့သော် ချားဘုရင်က တားထားသေးသဖြင့် တိုက်ပွဲများတွင် ဆက်လက်ခေါင်းဆောင်နေရပြန်သေးပါတယ်။

ဤသို့ဖြင့် အံ့ဖွယ်သရဲကိစ္စတို့ကို ဆောင်ရွက်ခဲ့သော ဂျုန်းမှာ နောက်ဆုံးတွင် ဒုက္ခနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရပါတယ်။ကွန်ပြိန်မြို့ကို ဗာဂန်ဒီပြည်သားတို့ ဝန်းရံထားရာ ထိုမြို့ကို ကယ်တင်ရန်အတွက် ဂျုန်းဟာခေါင်းဆောင်ပြီးတိုက် သော်လည်း စစ်ရေးရှုံးနိမ့်သဖြင့် ဂျုန်းမှာ အဖမ်းခံခဲ့ရပါတော့တယ်။ ထိုအခါ ဂျုန်း ကူညီ၍ ဘုရင်ဖြစ်လာသော ချားမှာ သူအား ကယ်ဆယ်ရန် မကြိုးစားခဲ့ပါ။

ဒါကြောင့် ကယ်မည့်သူ ကင်းဝေးသော ဂျုန်းကို ဗာဂန်ဒီ ပြည်သူ/သားတို့က အင်္ဂလိပ်တို့အား ရောင်းချလိုက်ပါတယ်။ ဂျုန်းကြောင့် စစ်ရေးနိမ့်ခဲ့သော အင်္ဂလိပ်တို့ဟာ ရှူအန်းမြို့တွင် ဂျုန်းကို ချုပ်နှောင်ထားလိုက်ကြပါတယ်။ အင်္ဂလိပ်တို့၏ နှိပ်စက်ဉာဉ်းပန်းခြင်းကိုလည်း ဂျုန်းခံခဲ့ရပါတယ်။

အင်္ဂလိပ်တို့က ဂျုန်းကို စုန်းမဖြစ်သောကြောင့်သာ ဤမျှအံ့ဖွယ် သရဲများကို ထူးကဲစွာ ဆောင်ရွက်နိုင်သူဟု စွဲချက်တင်ထားတာပါ။ သူမအား ကူညီအားပေးမည့်သူ မရှိသော်လည်း ဂျုန်းဟာ ရဲဝံ့တည်ကြည်စွာဖြင့် ပြန်လည်ချေပခဲ့သူပါ။

သို့သော် ၁၄၃၁ ခုနှစ်၊ မေလတွင် မီးရှို့သဝာ်ခြင်းကို ခံခဲ့ရပါတော့တယ်။ ဂျုန်း အနိစ္စရောက်ပြီး နှစ်ပေါင်း ၅ဝဝ ခန့် ကြာမှ ဂျုန်း၌ အပြစ်မရှိဟု ပြန်လည်ဆုံးဖြတ်ကာ ဗရင်ဂျီဂိုဏ်း သူတော်စင်စာရင်းတွင် သွတ်သွင်းကာ စိန်ဂျုန်းအဖြစ် ကိုးကွယ်ကြပါတယ်။

ဤသို့ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်သည့် အာဇာနည်ဂျုန်းမှာ ကြေကွဲဝမ်းနည်းဖွယ်ရာဖြင့်သာ ဇာတ်သိမ်းခဲ့ရပါတော့တယ်။

Crd