စစ်မြေပြင်မှာ မစမ်းသပ်ရသေးသော်လည်း ဥရောပမှာ ဖြန့်ကြက်ထားတဲ့ အမေရိကန်ရဲ့စစ်လက်နက် ၄ မျိုး

စစ်မြေပြင်မှာ မစမ်းသပ်ရသေးသော်လည်း ဥရောပမှာ ဖြန့်ကြက်ထားတဲ့ အမေရိကန်ရဲ့စစ်လက်နက် ၄ မျိုး

 

စစ်မြေပြင်မှာ မစမ်းသပ်ရသေးသော်လည်း ဥရောပမှာဖြန့်ကြက်ထားတဲ့ အမေရိကန်ရဲ့ စစ်လက်နက်လေးမျိုး

ယခုဖော်ပြမယ့် စစ်လက်နက်ပစ္စည်းတွေဟာ ထုတ်လုပ်မှုမတိုင်မီ   စမ်းသပ်မှုများသာ လုပ်ဆောင်ထားပါတယ်။ တကယ့်စစ်မြေပြင်မှာ လက်တွေ့စမ်းသပ် ပစ်ခတ်မှုတွေကိုတော့ မလုပ်ဆောင်ထားရသေးပါဘူး။

အမေရိကန်က လက်ရှိယူကရိန်း ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားနေတုန်း ဥရောပမှာ ဖြန့်ကြက်ထားတဲ့ စစ်မြေပြင်မှာ တစ်ခါမျှလက်တွေ့ မစမ်းသပ်ရဖူးသေးသည့် စစ်လက်နက်ပစ္စည်း (၄)မျိုး အကြောင်းကို တင်ပြသွားမှာ ဖြစ်ပါတယ်။

အဲဒီစစ်လက်နက်ပစ္စည်း လေးမျိုးကတော့ FGM-148 Javelin တင့်ဖျက်ဒုံးကျည်၊ Stryker Dragoon ခြေလျင် လူသယ်ယာဉ်၊ ခြေလျင်တပ်စိတ်သုံး ယာဉ်နဲ့ နာမည်ကျော် F-35  Joint  Strike Fighter တိုက်လေယာဉ်တို့ပဲ ဖြစ်ပါတယ်။

၁။ FGM-148 Javelin တင့်ဖျက်ဒုံးကျည်

Javelin တင့်ဖျက်ဒုံးကျည်ဆိုတာ နှစ်ပေါင်း ၃ဝ သက်တမ်း ရှိပြီဖြစ်တဲ့ တာလတ်ပစ် တင့်ဖျက်ပဲ့ထိန်းဒုံးကျည်  အမျိုးအစားဖြစ်ပြီး အရင်တုန်းကတော့ ဆိုဗီယက်ပြည်ထောင်စုကို ဦးတည်ပြီး ဒီဇိုင်းရေးဆွဲခဲ့ပေမယ့် အခုတော့ ရုရှားနိုင်ငံရဲ့ သံချပ်ကာတပ်ဖွဲ့ကို အခြိမ်းခြောက်နိုင်ဆုံးသော လက်နက်အဖြစ် တင်စား ပြောဆိုနေတာတွေ ရှိပါတယ်။

အထူးသဖြင့်တော့ ယူကရိန်းနိုင်ငံအနီးမှာ ဖြန့်ကြက်ချထားတဲ့ ရုရှားရဲ့ သံချပ်ကာ တပ်ဖွဲ့တွေကို ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ကလည်း အဲဒီဒုံးကျည်တွေကို ယူကရိန်းဆီပေးပို့ ထားတာပါ။

၁၉၉ဝ ပြည့်နှစ်အလွန် ကာလများကတည်းက စတင်အသုံးပြုနေပြီဖြစ်တဲ့ Javelin ဒုံးကျည်ဟာ သူ့အရင်က တင့်ဖျက် ဒုံးကျည်ဖြစ်တဲ့  Dragoon ဒုံးကျည်ထက်သာလွန်တဲ့ အချက်တွေ များစွာရှိပါတယ်။

ဥပမာအားဖြင့် အကွာအဝေး ၂၁၈၇ ကိုက် (၁ ဒသမ ၂ မိုင်)အထိ သွားနိုင်တာ၊ အနီအောက်ရောင်ခြည်သုံး ပစ်မှတ်သတ်မှတ်တာ၊ စတင်ပစ်ခတ်လိုက်ပြီ ဆိုတာနဲ့လှည့်ကြည့်စရာမလိုဘဲ ပစ်မှတ်ဆီအလိုအလျောက် သွားနိုင်တာတွေဟာ သူ့ရဲ့အားသာချက်တွေပါပဲ။

Javelin ဒုံးကျည်ရဲ့  မူလတာဝန်ဟာ တင့်ဖျက်လုပ်ငန်းကို လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ပြီးနောက် အမေရိကန်ရဲ့ အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးအတွင်း အာဖဂန်နစ္စတန်နဲ့ အီရတ်နိုင်ငံတို့ရှိ ဘန်ကာတွေ၊ အဆောက်အအုံတွေ၊ ခံစစ်ပြင်ဆင်ထားတဲ့ တခြားအဆောက်အအုံတွေကို ပစ်ခတ်ဖျက်ဆီးရာမှာ Javelin ဒုံးကျည်ကိုသာ အသုံးပြုခဲ့ရပါတယ်။

ဒါကြောင့် သူ့ရဲ့မူလတာဝန်ဖြစ်တဲ့ တင့်ဖျက်လုပ်ငန်းအတွက် အသုံးပြုရခြင်းက မရှိသလောက်ကို ရှားပါးတဲ့အတွက် စစ်မြေပြင်မှာ သူ့ရဲ့တင့်ဖျက်စွမ်းရည်ကို မသိရသေးပါဘူး။

လက်ရှိအမေရိကန်က ဥရောပဆီ ဖြန့်ကြက်ထားတဲ့ စစ်သည်တွေအတွက် ကတော့ Javelin တင့်ဖျက်ဒုံးကျည်ဟာ အဓိကကျတဲ့ လက်နက်စနစ် ဖြစ်နေမှာပါ။

အမှတ်(၂)သံချပ်ကာ ယန္တရားတပ်ရင်းကြီးက အသုံးပြုတဲ့  Stryker ခြေလျင်လူသယ်ယာဉ် ထက်ဝက်လောက်ဟာ အဝေးထိန်းစနစ်နဲ့ ပစ်ခတ်လို့ရတဲ့ Javelin တင့်ဖျက်ဒုံးကျည်စနစ်ကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီတပ်ရင်းကြီးမှာ ပခုံးထမ်း ပစ်ခတ်နိုင်တဲ့ နောက်ထပ် Javelin တင့်ဖျက်လက်နက် ၂၅ လက်ကိုလည်း ထည့်သွင်း ဖွဲ့စည်းထားပါသေးတယ်။ ဒါတင်မကသေးပါဘူး။

ပိုလန်ကို စေလွှတ်ဖြန့်ကြက်ထားတဲ့ အမှတ်(၈၂)လေကြောင်းချီ တပ်မဟာမှ စစ်သည်အင်အား ၁၇ဝဝ ဆိုတာ တပ်ရင်းတစ်ရင်းစာ အင်အားရှိတဲ့အတွက်  Javelin ပခုံးထမ်းဒုံး ၁၈ လက်အပြင် သူ့ထက်အရွယ်အစား ပိုမို ကြီးမားပြီး စွမ်းအားပိုပြင်းကာ ပိုမိုဝေးကွာတဲ့ပစ်မှတ်ကို ပစ်ခတ်နိုင်တဲ့  TOW တင့်ဖျက်ပခုံးထမ်းဒုံး ၈ လက်လည်း ပါဝင်မှာဖြစ်ပါတယ်။

၂။ Stryker Dragoon ခြေလျင်လူသယ်ယာဉ်

၂ဝ၁၅ ခုနှစ် ကာလများတုန်းက အမေရိကန်ကြည်းတပ်ဟာ ဂျာမနီနိုင်ငံ အခြေစိုက် အမှတ်(၂) သံချပ်ကာယန္တရား တပ်ရင်းကြီး၏ ပစ်အားကို တိုးမြှင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်တွေထဲမှ တစ်ခုက တပ်ရင်းကြီး တစ်ခုလုံးရဲ့  Stryker  ယာဉ်တွေကို Javelin ဒုံးကျည်တွေ တပ်ဆင်ပေးသွားဖို့ဖြစ်ပါတယ်။ ဒါမှသာ တပ်ရင်းရဲ့ တင့်ဖျက်စွမ်းဆောင်ရည် တိုးတက်လာမှာပါ။

နောက်ထပ် ဆုံးဖြတ်ချက်တစ်ခုကတော့ လူလိုက်ပါခြင်း မရှိတဲ့ ဆုံလည်တပ် ၃ဝ မီလီမီတာ စက်အမြောက်တစ်လက်ကို တပ်ဆင်ပြီး ခြေလျင် လူသယ်ယာဉ်ဖြစ်တဲ့  Stryker Dragoon ကို ဖန်တီးဖို့ပဲဖြစ်ပါတယ်။

Stryker Dragoon အဖြစ် ပြောင်းလဲသွားမယ့် Stryker  ယာဉ်အရေအတွက်က အမှတ်(၂) သံချပ်ကာ ယန္တရားတပ်ရင်းကြီးရှိ ထိုယာဉ် စုစုပေါင်းရဲ့ ထက်ဝက်ရှိပါတယ်။

Stryker Dragoon မှာ တပ်ဆင်ထားတဲ့ XM-813 မီလီမီတာ စက်အမြောက်က ရန်သူရဲ့ အပေါ့စားသံချပ်ကာယာဉ်များကို ချေမှုန်းနိုင်စေဖို့ ဒီဇိုင်းရေးဆွဲထားတာပါ။

တကယ်လို့များ အင်အားတောင့်တင်းတဲ့ ရန်သူ့ယန္တရား တပ်ဖွဲ့ကြီးနဲ့  ရင်ဆိုင် တိုက်ခိုက်ရတဲ့ အချိန်မှာဆိုရင် Javelin ဒုံးကျည်တပ် Stryker ယာဉ်တွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ Stryker Dragoon တွေက မြေပြင်ကင်းထောက် လုပ်ငန်းနဲ့ ခြေလျင်စစ်သည်တွေ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတာဝန်ကို ထမ်းဆောင်မှာပါ။

Stryker Dragoon မှာတပ်ဆင်ထားတဲ့ XM-813 စက်အမြောက်ဟာ Mk.258 သံချပ်ကာ ဖောက်ကျည် အသုံးပြုပြီး ရန်သူ့သံချပ်ကာ ယာဉ်တွေကိုလည်းကောင်း၊ သာမန်ယာဉ်တွေ၊ ထရပ်ကားတွေ၊ ခြေလျင်တပ်ဖွဲ့တွေကို ဆိုရင် Mk-238 ခွင်းကျည် အသုံးပြုပြီး တိုက်ခိုက်နိုင်ပါတယ်။

ဒါ့အပြင် XM-813 ကို AC-130W အမျိုးအစား လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ လေယာဉ်ကြီးများနဲ့ Zumwalt  အမျိုးအစား ဖျက်သင်္ဘောတွေ အပါအဝင် အခြားသော  စစ်လက်နက်ပစ္စည်းများနဲ့ တွဲဖက် အသုံးပြုထားမှုတွေလည်း ရှိပါတယ်။

ဒါပေမဲ့လည်း Stryker Dragoon  မှာတပ်ဆင်ထားတဲ့ XM-813 ဟာ အဲဒီယာဉ်နဲ့အတူ စစ်မြေပြင်တာဝန်တွေကို တစ်ခါမျှ မထမ်းဆောင်ဖူးသေးပါဘူး။

၃။ ခြေလျင်တပ်စိတ်သုံးယာဉ်

ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း ကြည်းတပ်က အမြန်ဆုံးတောင်းခံတဲ့ စစ်လက်နက်ပစ္စည်း တစ်မျိုးကတော့ ခြေလျင်တပ်စိတ်သုံး ယာဉ်ပဲ ဖြစ်ပါတယ်။

ပကာသနတွေ ဘာဆိုဘာတစ်ခုမှ မပါတဲ့ အဲဒီယာဉ်ဟာ ခြေလျင်စစ်သည်တွေ၊ အထူးသဖြင့် လေကြောင်းချီ စစ်သည်တွေကို စစ်မြေပြင်အတွင်း တစ်နေရာကနေ တစ်နေရာကို အမြန်ဆုံး ပို့ဆောင်ပေးနိုင်စေဖို့ ဒီဇိုင်း ရေးဆွဲထားတာပါ။

လက်ရှိအနေအထားမှာတော့  အဲဒီခြေလျင်တပ်စိတ်သုံး ယာဉ်ကို စမ်းသပ်ဆဲဖြစ်ပြီး  ဥရောပမှာ ဖြန့်ကြက်မှာလား၊ မဖြန့်ကြက်ဘူးလား ဆိုတာနဲ့ ပတ်သက်လို့ အတည်မပြုရသေးပါဘူး။

ဒါပေမဲ့လည်း  ပိုလန်မှာ ဖြန့်ကြက်ဖို့ စီစဉ်ထားပြီး လတ်တလောမှာ ခြေလျင်ခရီးသာ နှင်နေရတဲ့ အမှတ်(၈၂) လေကြောင်းချီ တပ်ဖွဲ့မှာသာ ခြေလျင်တပ်စိတ်သုံး ယာဉ်ပါသွားမယ်ဆိုရင်ဖြင့် လွန်စွာမှ အထောက်အကူဖြစ်စေမယ်လို့ ဆိုကြပါတယ်။

ခြေလျင်တပ်စိတ်သုံး ယာဉ်ကို   ဘေးဘယ်ညာမှာ  ဘယ်လိုအကာအကွယ်မှ မပါတဲ့ပုံစံနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး  ရှက်ဗရိုလက်ကုမ္ပဏီ ကော်လိုရာဒို အမျိုးအစားယာဉ်ပေါ်မှာ အခြေခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

သူဟာ CH-47 Chinook ရဟတ်ယာဉ်ပေါ်မှာ တင်လို့ရလောက်တဲ့အထိ အရွယ်အစား ရှိတဲ့အပြင် သူ့ကိုလေယာဉ်ပေါ်ကနေ လေကြောင်းချီ တပ်ဖွဲ့တွေနဲ့အတူ လွှတ်ချနိုင်ပါသေးတယ်။

စစ်သည်တင်ဆောင်နိုင်မှု အနေနဲ့ တပ်စိတ်တစ်စိတ်စာဖြစ်တဲ့  လူကိုးဦးကို တင်ဆောင်နိုင်ကာ ပေါ့ပါးမှုနဲ့ မြန်ဆန်မှုကို ဦးစားပေးတဲ့အနေနဲ့ သံချပ်ကာ အစိတ်အပိုင်းတွေကို ဖြုတ်ထားတာပါ။

ဒီလိုဖြုတ်ထားခြင်းအားဖြင့် ယာဉ်ပေါ်ပါ စစ်သည်တွေဟာ သူတို့ရဲ့လိုရာခရီး ပန်းတိုင်ကို အချိန်တိုတိုအတွင်း လျင်မြန်စွာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

ခြေလျင်တပ်စိတ်သုံး ယာဉ်တွေကို တည်ဆောက်နေသူက  ဂျီအမ်ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ကုမ္ပဏီဖြစ်ကာ အမှတ်(၈၂)လေကြောင်းချီတပ်ဖွဲ့နဲ့ ခြေလျင် တပ်မဟာ တိုက်ခိုက်ရေး အဖွဲ့တွေအတွက် ယာဉ်အစီးရေ ၂ဝ၆၅ စီးအထိကို ထုတ်လုပ်သွားနိုင်ပါတယ်။

ခြေလျင်တပ်စိတ်သုံး ယာဉ်တွေဟာ   ဝေဖန်မှုတွေနဲ့တော့ မလွတ်ကင်းခဲ့ပါဘူး။ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ လက်တွေ့အသုံးဝင်သော စမ်းသပ်မှုနှင့် လေ့လာအကဲဖြတ်ဌာနမှ ညွှန်ကြားရေးမှူးက အဲဒီခြေလျင် တပ်စိတ်သုံးယာဉ်တွေဟာ လက်တွေ့စစ်မြေပြင်မှာ အသုံးဝင်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကတော့ စမ်းသပ်ရာမှာ အသုံးပြုရတဲ့ယာဉ်တွေဟာ  စတီယာရင် စွမ်းဆောင်ရည် ကျဆင်းတာမျိုး၊ ထိုင်ခုံနေရာတွေ ကွေးပြီးကျိုးပဲ့အက်ကွဲတာမျိုး၊ အင်ဂျင်တွေကွဲပြီး အပူလွန်တာမျိုးတွေ ဖြစ်တာကို တွေ့ရတာကြောင့်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း  ပိုလန်မှာဖြန့်ကြက်မယ့် အမှတ်(၈၂)လေကြောင်းချီ တပ်ဖွဲ့အတွက် ကတော့  ဒီလိုမျိုး ခြေလျင်တပ်စိတ်သုံး ယာဉ်မပါဘူးဆိုရင် သူတို့အနေနဲ့ စစ်ဆင်ရေးကို အောင်မြင်စွာ ထမ်းဆောင်နိုင်မယ့် အနေအထားရှိမှာ မဟုတ်ပါဘူး။

၄။ F-35A Joint Strike Fighter တိုက်လေယာဉ်

ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက ဥရောပတစ်လွှားမှာ အမေရိကန်ရဲ့ တပ်ဖြန့်မှုက ခြေလျင်တပ်ဖွဲ့တွေသာ ဖြစ်ပေမယ့်   လေတပ်သည်လည်း အပါအဝင်ဖြစ်လာနိုင်ပါတယ်။

လေတပ်အနေနဲ့ ဥရောပကို ဖြန့်ကြက်ရပြီဆိုရင် လေတပ်သုံး  F-35A Joint Strike Fighter တိုက်လေယာဉ်သည်လည်း မပါမဖြစ်သော စစ်လက်နက်ပစ္စည်း တစ်ခုဖြစ်လာပါလိမ့်မယ်။

F-35A ဆိုတာ ဘက်စုံသုံးတိုက်လေယာဉ်ဖြစ်ပြီး ဝေဟင်မှဝေဟင်၊ ဝေဟင်မှ မြေပြင်စစ်ဆင်ရေး လုပ်ငန်းတွေကို ကောင်းစွာ ဆောင်ရွက်နိုင်စွမ်း ရှိပါတယ်။ သူ့အရင်မျိုးဆက်ဖြစ်တဲ့  F-15 Fighting Falcon တိုက်လေယာဉ်နဲ့ မတူတဲ့အချက်က F-35A ကို ကိုယ်ပျောက်တိုက်လေယာဉ်၊ အနည်းဆုံး ရန်သူ့ထောက်လှမ်းမှုကနေ မြင်နိုင်စွမ်း နည်းပါးတဲ့ လေယာဉ်အဖြစ် အခြေခံ တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်။

လေတပ်ရဲ့ F-35A တိုက်လေယာဉ်အုပ်တွေ အားလုံးနီးပါးက အမေရိကန်ပြည်ထောင်စု အတွင်းမှာသာ အခြေစိုက်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်လေယာဉ်အုပ် တစ်အုပ်ဖြစ်တဲ့ အမှတ်(၄၉၅) တိုက်လေယာဉ်အုပ်ကတော့ ဗြိတိန်နိုင်ငံရှိ လိတ်ကန်ဟိလေတပ် စခန်းမှာ ရှိနေတာပါ။

F-35A တိုက်လေယာဉ်တွေကတော့ စစ်ဆင်ရေး အတွေ့အကြုံတွေ ရှိထားပြီးပါပြီ။ အာဖဂန်နစ္စတန်နိုင်ငံမှာ အသုံးပြုမှုနဲ့ IS စစ်သွေးကြွတွေကို ချေမှုန်းတိုက်ခိုက်တဲ့ နေရာမှာပါ။

ဒီအတွက်ကြောင့်  F-35A တိုက်လေယာဉ်များသည် နိုင်ငံတစ်နိုင်ငံရဲ့လေတပ်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖူးခြင်း မရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင်  ရန်သူရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်အတွင်းပိုင်းအထိ ထိုးဖောက် ဝင်ရောက်ဖူးခြင်းလည်း မရှိသေးပါဘူး။

ကမ္ဘာ့ခေတ်အမီဆုံးနဲ့ ရန်သူကိုချေမှုန်းနိုင်စွမ်း အမြင့်မားဆုံးသော လေကြောင်းရန် ကာကွယ်ရေး စနစ်တွေထဲမှာ Tor ၊ Buk နဲ့ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များလည်း အပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် ရုရှားလေတပ်ရဲ့ MiG-29 ၊ SU-30 နဲ့  SU-35 Flanker-E  တိုက်လေယာဉ်များဟာ လေပေါ်မှာ ပျံသန်းနေတဲ့အချိန်ဆိုရင် ရင်ဆိုင်ယှဉ်ပြိုင်ဖို့ ခက်တဲ့ ဝေဟင်စီးချင်း ထိုးပြိုင်ဘက်ကောင်းတွေပဲ ဖြစ်ပါတယ်။

Credit-Author: ထက်မြက်

 

Crd