ထူးထူးခြားခြား ကမ္ဘာ့အရပ်အပုဆုံးလူမျိုးစု

ထူးထူးခြားခြား ကမ္ဘာ့အရပ်အပုဆုံးလူမျိုးစု

ထူးထူးခြားခြား ကမ္ဘာ့အရပ်အပုဆုံးလူမျိုးစု

လူသိများလှသည့် နီဂရီလူးစ်လူမျိုးများသည်လည်း ပစ်ဂမီမျိုးနွယ်စု (Pygmy Ethnic Group) များပင်ဖြစ်သည်။ ၄င်းတို့သည် အာဖရိက တိုက်အလယ်ပိုင်း သစ်တောများထဲတွင် နေထိုင်လျက်ရှိကြသည်။

အရွယ်ရောက်ပြီးသော ပစ်ဂမီအမျိုးသားတစ်ဦး၏ အရပ်သည် ၄ ပေ ၆ လက်မထက် မကျော်သကဲ့သို့ အမျိုးသမီးများသည်လည်း ၄ ပေ ၄ လက်မ အကြားတွင်သာရှိသည်။ လူကြီးတစ်ယောက်၏ အရပ်အမြင့်သည် သာမန် ၁၀နှစ်သားအရွယ်ကလေးငယ်တစ်ယောက်၏ အရပ်ထက် ပိုမရှည်သည်ကို တွေ့ရှိရသည်။ ၄င်းတို့သည် လူကောင်သေးသေးလေးများဖြစ်ကြသည်။

ရှေးရိုးထုံးစံဓလေ့အတိုင်း နေထိုင်လျက်ရှိပြီး ဝေးလံခေါင်ဖျားသော အာဖရိကတိုက်ဒေသများ၊ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ အက်ဒမန်ကျွန်းစုများ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် နေထိုင်ကြသည်။ ယခုအခါတွင် လူဦးရေနည်းပါး လျက်ရှိလာပြီး ကမ္ဘာပေါ်တွင် ပျောက်ကွယ်တော့မည့် လူမျိုးစုတွင် ပါဝင်လာနေပြီဖြစ်သည်။

အီကွေတာသစ်တော၌ ဗွတ်ရှမင်လူမျိုး၊ ပစ်ဂမီလူမျိုးနှင့် ဟော့တင်းတော့လူမျိုးများနေထိုင် ကြသည်။ ၄င်းတို့သည် တစ်နေရာတည်းတွင် အတည်တကျမနေဘဲ လှည့်လည်သွားလာနေထိုင် တတ်ကြသည်။ ဗွတ်ရှမင်လူမျိုးများသည် အာဖရိ ကတိုက်၌နေထိုင်သော လူမျိုးစုများအနက် ရှေးအကျဆုံးလူမျိုးများ ဟုဆိုနိုင်သည်။

ရှေးယခင်က အာဖရိတောင်ပိုင်းတစ်ခုလုံးတွင် တွေ့ရှိရသော်လည်း အခြားလူသူမနေသောအပိုင်းတို့တွင် စု၍နေထိုင်ကြသည်။ ယခုအခါတွင် ခန့်မှန်း လူဦးရေ ၇၅ဝဝ ခန့်သာ ရှိတော့သည်ဟု သိရှိရသည်။ ၄င်းတို့သည် အရပ်ပု၍ အသားညိုသည်။

ပစ်ဂမီလူမျိုးများသည် ဗွတ်ရှမင်လူမျိုးတို့ထက်ပို၍ပုပြီး အရပ် ၄ ပေခန့်သာရှိသည်။ များသောအားဖြင့် ကွန်ဂိုနှင့် ကင်ညာနိုင်ငံတို့တွင် နေထိုင်ကြသည်။ အာဖရိကတိုက်တွင် ပစ်ဂမီ လူမျိုး ၃ဝဝဝဝ ခန့်ရှိသည်ဟု ခန့်မှန်းကြသည်

ဟော့တင်းတော့လူမျိုးများသည် ပစ်ဂမီလူမျိုး နှင့် သွေးနီးစပ်သကဲ့သို့ ဟမိုက်လူမျိုးသွေးလည်း အနည်းငယ်ပါဝင်သည်။ အရပ်ပုသော်လည်း ဗွက်ရှမင်လူမျိုးတို့ထက်ထွား၍ မျက်နှာပိုပေါ်သည်။ ယခုမူ ဟော့တင်းတော့လူမျိုးဟူ၍ အနည်းငယ် သာရှိတော့သည်။

တစ်ခါက ဂျက်စတင်ဆိုသူသည် အသက် ၂၃ နှစ်အရွယ်တွင် မိမိကိုယ်ကို အဆုံးစီရင်ရန် ကြိုးစားခဲ့သည်။ စိတ်ဓာတ်ကျပြီး ဘဝကနေပျော် စရာမကောင်းသည့်အခါတွင် ဂျက်စတင်သည် သူ့ဘဝအတွက် အဓိပ္ပာယ်ရှိမည့် အရာတစ်ခုခုကို လုပ်ဆောင်လိုသည့် ဆန္ဒဖြစ်ပေါ်ခဲ့ပါသည်။ ၄င်းသည် ကွန်ဂိုနိုင်ငံက ပစ်ဂမီလူမျိုးစုများထံ သွားရောက်ရန်ဆုံးဖြတ်ခဲ့သည်။

ပစ်ဂမီလူမျိုးများသည် မော့ခ်ပါလလူမျိုးများ၏ ကျွန်ပြုခြင်းနှင့် အနှိပ်စက်ခံခြင်း ဘဝသံသရာထဲတွင် ကျင်လည်နေခဲ့ရပါသည်။ ၄င်းတို့တွင် နေထိုင်စရာ မြေပိုင်မရှိကြပါ။ အစားတစ်လုတ် စားရရန်အတွက် အလုပ်ကြမ်းများကို လုပ်ကိုင်ကြရသည်။

စားစရာများအနေနှင့် တစ်နေ့ကို ငှက်ပျောသီး ၂ လုံးသာရပြီး တစ်မိသားစုလုံးဝေမျှစားကြရသည်။ ပစ်ဂမီလူမျိုးများသည် အမြဲတမ်းဆာလောင်ငတ်မွတ်နေမှ သခင်အပေါ်မှာမှီခိုနေရအောင် ထိုကဲ့သို့ နှိပ်စက်ကလူပြုထားခြင်းဖြစ်ပါသည်။

ဤသည်တို့ကို မြင်တွေ့ခဲ့ရသည့် ဂျက်စတင်သည် ပစ်ဂမီလူမျိုးများဘက်ကရပ်တည်ပြီး တိုက်ခိုက်ပေးဖို့ စိတ်ကူးရရှိသွားခဲ့ပါသည်။ သို့ပေမဲ့ ၄င်းတို့နေထိုင်ရာနေရာဒေသကို သွားရောက်ပြီး ပစ်ဂမီလူမျိုးများကိုသာ အကူအညီပေးမည်ဆိုပါက မောခ်ပါလလူမျိုးများက ပစ်ဂမီ လူမျိုးများကို ပိုမိုအနိုင်ကျင့်လာမည်ကိုစိုးရိမ် သောကြောင့် ၄င်းလူမျိုးစုနှစ်စုလုံးကို အကူအညီ ပေးရန်ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ဂျက်စတင်သည် ပစ်ဂမီလူမျိုးစုများ နေထိုင်ရန်အတွက် သူစုဆောင်းထားခဲ့သည့် ငွေကြေးများဖြင့် မြေယာများကို ဝယ်ယူခဲ့သည့်အပြင် ရေတွင်းများကိုလည်း တူးဖော်ပေးခဲ့ပါသည်။

ရေတွင်းတူးခြင်းသည် ၄င်းတို့နေထိုင်ရာနေရာ နှင့် ၄င်းတို့၏ အထွေထွေကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး ရေကြောင့်ဖြစ်ပွားသည့် ကူးစက်ရောဂါပိုးများကြောင့် ကလေးများသေဆုံးမှုကို ကာကွယ်ပေးနိုင်ရန်အတွက် ဖြစ်ပါသည်။

ယခင်က လူသားမျိုးနွယ်အစကို စူးစမ်းခဲ့ကြသည့် မနုဿဗေဒပညာရှင်များ၊ သိပ္ပံပညာရှင်များသည် ပစ်ဂမီလူမျိုးများကို လူအဆင့်ဖြစ်သလား၊ လူသားမျိုးနွယ်၏ အစဖြစ်သလားဆိုတာကို စမ်းသပ်ခံအဖြစ် သဘောထားခဲ့ကြသည်။

မည်သို့ ပင်ဆိုစေကာမူ လူဆိုသည်မှာ မွေးဖွားလာကတည်းက အရပ်ပုသည်၊ ရှည်သည်ကို ထည့်မတွက်ဘဲ လူ့ဂုဏ်သိက္ခာနှင့်အတူ လူအဖြစ်ကို ထိုက်တန်စွာ မွေးဖွားလာခဲ့ကြခြင်းပင်ဖြစ်ကြောင်းကို လူသားချင်းကိုယ်ချင်းစာတရားထားနိုင်ကြစေရန်ရေးသား ဖော်ပြလိုက်ရပါတယ်။

Credit_Author:ဟန်မင်းဆက်

Crd

Crd