ရုရှားနဲ့ ယူကရိန်း စစ်အင်အားနှိုင်းယှဉ်ချက်

ရုရှားနဲ့ ယူကရိန်း စစ်အင်အားနှိုင်းယှဉ်ချက်

ရုရှားနဲ့ ယူကရိန်း စစ်အင်အားနှိုင်းယှဉ်ချက်

ရုရှားစစ်တပ်က ယူကရိန်းစစ်တပ်ထက် လက်နက်နဲ့ လူသူအင်အား အစစ အရာရာသာလွန်ပါတယ်။ ဒါပေမယ့်လည်း ရုရှားက ကြီးမားတဲ့အတိုင်းအတာနဲ့ဖြစ်နိုင်တဲ့ ကျူးကျော်မှုကို စတင်လိုက်ချိန်မှာပဲ ယူကရိန်းစစ်တပ်က ရုရှားကို ကြီးမားတဲ့ ခုခံမှုလုပ်နိုင်ပြီး အထိနာအောင်လည်း လုပ်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

ယူကရိန်းစစ်တပ်ဟာ အခုဆိုရင် ၂၀၁၄ တုန်းက သူတို့ ရဲ့ ခုခံမှုမရှိဘဲ သူတို့ဆီကနေ ရုရှားက ခရိုင်းမီးယားကို ရယူသွားချိန်ကထက် ပိုကောင်းကောင်းလေ့ကျင့်ကာ ပိုကောင်းတဲ့လက်နက်တွေလည်းရရှိထားပါတယ်။ နိုင်ငံရဲ့ အဓိကနေရာဒေသတွေကို ကာကွယ်ဖို့လည်း ပိုပြီး စိတ်ဓါတ်တက်ကြွကြမယ်လို့ ကျယ်ပြန့်စွာ ရူမြင်ကြပါတယ်။

အရေအတွက်ကို နှိုင်းယှဉ်ခြင်း
လက်နက်လူသူအင်အား နှိုင်းယှဉ်ပါက ယူကရိန်းဘက်က အမြင်မလှပါ။ ရုရှားနဲ့ ယူကရိန်းနယ်စပ်နားမှာ ရှိတဲ့ ရုရှားစစ်တပ် အရေအတွက်ဟာ တစ်သိန်းကျော်မယ်လို့ စစ်ရေးကျွမ်းကျင်သူ အများစုက ခန့်မှန်းကြပါတယ်။ ယူကရိန်းရဲ့ မြောက်ပိုင်းမှာရှိတဲ့ ဘီလာရုစ်နိုင်ငံဆီကိုလည်း စစ်ရေးလေ့ကျင့်ဖို့ ရုရှားက တပ်ဖွဲ့တချို့ကို စေလွှတ်ထားပါတယ်။

ရုရှားရဲ့ ကြည်းတပ်မှာ လူအင်အား ၂၈၀,၀၀၀ လောက်ရှိပြီး စုစုပေါင်း လက်နက်ကိုင်တပ်ဖွဲ့ ဝင်အင်အားဆိုရင် ၉၀၀၀၀၀ လောက်ရှိပါတယ်။ သူတို့ရဲ့ တိုက်ပွဲဝင်တင့်ကား အရေအတွက် ၂၈၄၀ ကလည်း ယူကရိန်းထက် သုံးဆလောက် ပိုများတယ်လို့ လန်ဒန်အခြေစိုက် မဟာဗျူဟာလေ့လာရေး နိုင်ငံတကာအင်စတီကျူဒ် (IISS) ရဲ့အဆိုအရ သိရပါတယ်။

ယူကရိန်း ဝန်ကြီးချုပ် ရဲ့အဆိုအရတော့ မကြာသေးခင်က သမ္မတ ဇီလန်စကီး က လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံရဲ့ကာကွယ်ရေး တောင့်တင်းခိုင်မာစေရေး ဉီးစားပေးအစီအစဉ်တွေ က စစ်မှုထမ်းခြင်းကို ဆွဲဆောင်မှု ပိုရှိလာစေပြီး တဖြည်းဖြည်း ပရော်ဖက်ရှင်နယ် စစ်တပ် ဖြစ်လာစေရေး အထောက်အကူ ဖြစ်ကာ ယူကရိန်း တပ်အင်အားကို ၃၆၁,၀၀၀ အထိ ရှိလာစေလိမ့်မယ်လို့ ဆိုပါတယ်။

၂၀၁၀ ကနေ ၂၀၂၀ အထိ ဆယ်နှစ်တာကာလအတွင်း ယူကရိန်းက သူတို့ရဲ့ စစ်ရေးအသုံးစရိတ်ကို သုံးဆ တိုးမြှင့်ခဲ့ပေမယ့်လည်း စုစုပေါင်း သူတို့ရဲ့ အသုံးစရိတ်က ကန်ဒေါ်လာ ၄ ဒဿမ ၃ ဘီလီယံပဲရှိပြီး ဒါဟာ ရုရှားရဲ့ သုံးပုံတစ်ပုံပဲ ရှိပါတယ်။

ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးနဲ့ ဒုံးကြည်ကာကွယ်ရေးစနစ်တွေက အားနည်းတယ်လို့ စစ်ရေးဆန်းစစ်လေ့လာသူတွေကဆိုတာကြောင့် ယူကရိန်းရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေဟာ ရုရှားတိုက်ခိုက်မှုတွေကနေ အထိနာနိုင်ပါတယ်။

ရုရှားက သူတို့ရဲ့ အီလက်ထရွန်နစ် စစ်ရေးကျွမ်းကျင်မှု သာလွန်တာကို အသုံးချပြီး ရန်သူရဲ့ ထိန်းချုပ်ကွပ်ကဲရေးနဲ့ မြေပြင်တပ်တွေကြား အဆက်အသွယ်ပြတ်အောင် လုပ်ဆောင်လိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေက ဘယ်လောက်အတွေ့အကြုံ ရင့်ကျက်သလဲ
ယူကရိန်း တပ်ဖွဲ့တွေဟာ နိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာ တိုက်ခိုက်ရေး အတွေ့အကြုံတွေ ရရှိခဲ့ကြပါတယ်။ သူတို့က ၂၀၁၄ ကစပြီးရုရှားကထောက်ခံတဲ့ ခွဲထွက်ရေး သမားတွေကို တိုက်ခိုက်နေခဲ့ကြတာဖြစ်ပြီး စိတ်ဓါတ်တက်ကြွမှုလည်း ရှိပါတယ်။

သူတို့မှာ တာတိုပစ်လေကြောင်းရန် ကာကွယ်ရေးနဲ့ တင့်ကားချေမှုန်းရေး လက်နက်တွေလည်း ရှိပါတယ်။ အဲဒီထဲမှာ အမေရိကန်က ထောက်ပံ့ထားတဲ့ Javelin ဒုံးကျည်တွေလည်းပါဝင်ပြီး ဒါတွေက ရုရှားရဲ့ ချီတက်မှုကို နှေးကွေးစေပါလိမ့်မယ်။

ယူကရိန်းမှာ ပုံမှန်စစ်တပ် အပြင် နယ်မြေအလိုက် အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အရန်အင်အား ၉၀၀,၀၀၀ လောက် ရှိပါတယ်။အရွယ်ရောက်ပြီး ယောင်္ကျားအများစုက အခြေခံစစ်သင်တန်းတက်ပြီးဖြစ်လို့ ရုရှားအနေနဲ့ နယ်မြေသိမ်းပိုက်ပြီး ထိန်းသိမ်းဖို့ကြိုးစားမယ်ဆိုရင် ဖြိုခွဲရခက်ပြီး တာရှည်တဲ့ ခုခံမှုနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

ဒီတစ်ကြိမ်မှာ စစ်ရေးစိန်ခေါ်မှုက ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ရုရှားကတိုက်ခိုက်ခဲ့တဲ့ ၁၉၉၀ ပြည့်ကျော်နှစ်တွေက ချေချင်းညာ ခွဲထွက်ရေးစစ်၊ ၂၀၀၈ ခုနှစ်က ဂျော်ဂျီယာစစ်ပွဲတို့ထက် ပိုမိုကြီးမားပါလိမ့်မယ်။

ယူကရိန်းစစ်တပ်ကိုကူညီဖို့ အနောက်တိုင်းက ဘာလုပ်နေလဲ
အနောက်နိုင်ငံတွေက ယူကရိန်းထံ လက်နက်ပေးပို့မှုတွေ တိုးမြှင့်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လက်နက်တွေ ပိုပြီး ပို့ဖို့လိုတယ်လို့ ကိဗ်အစိုးရက ပြောနေပါတယ်။ ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့တွေစေလွှတ်ဖို့ကိုတော့ အမေရိကန်က ပယ်ချထားတယ်။

၂၀၁၄ ကစပြီး အမေရိကန်က ယူကရိန်းကို ကန်ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံ ဖိုး စစ်ရေး အကူအညီတွေ ပေးခဲ့ပြီး အဲဒီ အထဲမှာ တင့်ကားဖျက်ဒုံးကျည်တွေ၊ ကမ်းရိုးတန်းကင်းလှည့်လှေတွေ၊ ဟမ်းဗီးယာဉ်တွေ၊ စနိုက်ပါ ရိုင်ဖယ်တွေ၊ ထောက်လှမ်းရေး ဒရုန်းတွေ၊ ရေဒါစနစ်တွေ၊ ညကြည့်မှန်ပြောင်းတွေ၊ ရေဒီယို ဆက်သွယ်ရေးစနစ်တွေ ပါဝင်ပါတယ်။နောက်ထပ် ပေးပို့မှာတွေထဲမှာ စတင်ဂျာ လေယာဉ်ပစ်ဒုံးကျည်တွေ နဲ့ လက်နက်ငယ်တွေ လှေတွေ ပါဝင်နိုင်ပါတယ်။

ယူကရိန်းအရှေ့ပိုင်း၌ ရုရှားထောက်ခံသော ခွဲထွက်ရေး သမားများကို စောင့်ကြည့်ရန် ယူကရိန်းက အသုံးပြုနေတဲ့ Bayraktar TB 2 ဒရုန်းအများအပြားကို တူရကီ ကရောင်းချပေးခဲ့ပါတယ်။ ဗြိန်တိန်က တာတိုပစ် တင့်ဖျက် ဒုံးကျည် ၂၀၀၀ ကို ဇန်နဝါရီ လ တုန်းက ရောင်းချပေးခဲ့ပါတယ်။

လေ့ကျင့်ရေး ကျွမ်းကျင်သူတွေကိုလည်း ဗြိတိန်က စေလွှတ်ပေးခဲ့ပါတယ်။ ဆက်ဆွန် လူတင် သံချပ်ကာယာဉ်တွေကိုလည်း ထောက်ပံ့ခဲ့ပါတယ်။Javelin တင့်ဖျက်ဒုံးကျည်တွေ ပေးပို့သွားမယ်လို့ အက်စ်တိုးနီးယားကပြောကြားပြီး လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့က စတင်ဂျာ ဒုံးကျည်တွေ ထောက်ပံ့သွားပါမယ်။ ချက်သမ္မတနိုင်ငံကလည်း ၁၅၂ မမ လက်နက်ကြီး ကျည်ဆံတွေ လှူဒါန်းဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။

ဂျာမနီက ယူကရိန်းကို လက်နက်တွေ မပို့ဘူးလို့ ငြင်းထားပေမယ့် ကန်ဒေါ်လာ ၆ သန်းတန် ရှေ့တန်းဆေးရုံတစ်ရုံ အတွက်ထောက်ပံ့ ပေးမယ်လို့ပြောပြီး တပ်တွေကိုလည်း လေ့ကျင့် ပေးသွားပါလိမ့်မယ်။
Ref : Reuters

Crd