သမိုင်းတစ်လျှောက် အန္တရာယ်အများဆုံး ဓာတုလက်နက်များ

သမိုင်းတစ်လျှောက် အန္တရာယ်အများဆုံး ဓာတုလက်နက်များ

သမိုင်းတစ်လျှောက် အန္တရာယ်အများဆုံး ဓာတုလက်နက်များ

ကမ္ဘာပေါ်ရှိ လူသားတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်မက်များဖြစ်ပွားရာတွင် သူ့ထက်ငါလက်ဦးမှု ရရှိရေးကိုသာ ဦးစွာပထမ စဉ်းစားကြသည်။ နယ်မြေများ ချဲ့ထွင်ကြသည်။ စစ်လက်နက်အသစ်အဆန်းများ တီထွင်ခဲ့ကြသည်။ အနိုင်ရရှိရေးသာ အဓိကဖြစ်သည်ဟု သတ်မှတ်ကြသည်။

လူ့သမိုင်းတစ်လျှောက်ကို လေ့လာကြည့်လျှင် စစ်မက်ဖြစ်ပွားမှုများကြောင့် လူ့အသက်ပေါင်းများစွာ ‌ဆုံးပါးခဲ့ရသည်။ သမိုင်းတစ်လျှောက်တွင်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အားပြိုင်မှုများမှ အနိုင်ရရှိရေးအတွက် လူမဆန်သည့် လက်နက်များကို စစ်ပွဲများအတွင်း ထည့်သွင်းအသုံးပြုခဲ့ကြသည်။

ထို့ကြောင့် ယခုလအတွက် လူသားတို့၏ သမိုင်းတစ်လျှောက် လူကိုသေစေနိုင်သည့်အပြင် ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်သည့် ကြောက်စရာအကောင်းဆုံးသော ဓာတုလက်နက်များအကြောင်း ရေးသားလိုက်ရပါသည်။

၅။ Sarin (GB)၊(ဆာရင်)

Sarin ဓာတ်ငွေ့သည် သေစေနိုင်သော အလွန်အန္တရာယ်ရှိသည့် ဓာတုလက်နက်တစ်မျိုးဖြစ်ပြီး ၎င်းသည် အဆိပ်အတောက်ဖြစ်စေခြင်းနှင့် လူသားများ၏ ဗဟိုအာရုံကြောစနစ်အပေါ် သက်ရောက်မှုများကြောင့် အာရုံကြောအေးဂျင့်အဖြစ် သတ်မှတ် ခြင်းခံထားရသည်။

၁၉၃၈ ခုနှစ်တွင် ဂျာမနီနိုင်ငံမှ ပိုးသတ်ဆေးအဖြစ် စတင်ထုတ်လုပ်ခဲ့သော်လည်း နာဇီတို့သည် လူသားများ၏ အာရုံကြောကိုထိခိုက်ကာ သေစေနိုင်သည့်စွမ်းရည်ကို သိရှိခဲ့ပြီးနောက် စစ်ဆင်ရေးတွင် အသုံးပြုရန် ဓာတုလက်နက်တစ်မျိုး အဖြစ် တီထွင်ခဲ့ကြသည်။

Sarin ကို စစ်ပွဲအတွင်း တစ်ခါမျှအသုံးမပြုခဲ့သော်လည်း အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့သည် Sarin ကို နောင်နှစ်များစွာအထိ သိုလှောင်ထိန်းသိမ်းခဲ့ကြသည်။ Sarin သည် အရောင်မရှိ၊ အနံ့မရှိသော ဓာတုလက်နက်တစ်မျိုး ဖြစ်သောကြောင့် အံ့အားသင့်ဖွယ် တိုက်ခိုက်မှုများအတွက် အကောင်းဆုံးလက်နက်ဖြစ်သည်။

ထို့ပြင် လျင်မြန်စွာအငွေ့ပြန်နိုင်ပြီး ဓာတ်ငွေ့အဖြစ်ပြောင်းလဲကာ အနီးအနားဝန်းကျင်သို့ ပျံ့နှံ့သွားစေသည်။ ထိုဓာတ်ငွေ့ကို ရှူရှိုက်မိသူများသည် စက္ကန့်ပိုင်းအတွင်းပင် သေစေနိုင်သည်။

Sarin သည် လူသားများ၏ ချေဖျက်နိုင်စွမ်းအား အင်ဇိုင်းတစ်မျိုးဖြစ်သည့် Acetylcho-linesterase ထုတ်လွှတ်မှုကို ဟန့်တားပေးခြင်းဖြင့် ခန္ဓာကိုယ်ရှိကြွက်သားများနှင့် ဂလင်းများကို အလွန်အမင်းလှုံ့ဆော်ပေးပြီး ကြွက်တက်ခြင်းကိုဖြစ်စေသည်။

ထိတွေ့မှုပမာဏပေါ်မူတည် ၍ စက္ကန့်ပိုင်းအတွင်း သေဆုံးနိုင်ပြီး အနည်းငယ် ထိတွေ့မိသူများသည်ပင်လျှင် နာရီအနည်းငယ်နှင့် သေဆုံးနိုင်ကြသည်။ ပမာဏအနည်းငယ်သာ ရှူရှိုက်မိပါက စက္ကန့်ပိုင်းအတွင်း မျက်ရည်ယိုခြင်း၊ နှာရည်ယိုခြင်း၊ မျက်စိနာခြင်း၊ သွားရည် ကျခြင်း၊ ချွေးထွက်ခြင်း၊ ချောင်းဆိုး ခြင်း၊ စိတ်ရှုပ်ခြင်း၊ အားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မြန်လာခြင်းဝမ်းလျှောခြင်း နှင့် သွေးပေါင်ချိန်မမှန်ခြင်းတို့ဖြစ် ပေါ်စေနိုင်သည်။

ပြင်းထန်စွာရောဂါ ခံစားရပါက ကြွက်တက်ခြင်း၊ သွက်ချာပါဒဖြစ်ခြင်းသတိလစ်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို ခံစားရပြီး သေဆုံးခြင်းဖြစ်စေနိုင်သည်။

၁၉၉၃ ခုနှစ် ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်အရ တရားဝင်ပယ်ဖျက်ရန် သဘောတူ ထုတ်ပြန်ခဲ့သော်လည်း အီရတ်၊ ဆီးရီးယား နှင့် အကြမ်းဖက်အဖွဲ့များသည် လွန်ခဲ့သည့် ၁ဝ စုနှစ်အနည်းငယ်အတွင်း ဆာရင်ဓာတ်ငွေ့ဖြင့် အကြမ်း ဖက်တိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။

၁၉၉၅ ခုနှစ်တွင် အကြမ်းဖက်သမားများသည် ဂျပန်နိုင်ငံ၊ တိုကျို မြို့ရှိ မြေအောက်ရထားတွင် ညစ်ညမ်းသောဓာတ်ငွေ့များကို ဖြန့်ဖြူးခဲ့သည့်အတွက် လူ ၁၂ ဦးသေဆုံးကာ ၆၂၀ဝ ဦး ဒဏ်ရာရရှိခဲ့သည်။

မကြာသေးမီ ကာလကပင် ဆီးရီးယားလေတပ်သည် Idlib ပြည် နယ်အနီးတွင် ပုန်ကန်သူများနှင့် အရပ်သားများအား နှိမ်နင်းရန် ဆာရင်ဓာတ်ငွေ့ကို အသုံးပြုခဲ့သည်။ ယနေ့အချိန်ထိ ဒီဇိုင်းထုတ်ခဲ့သော ဓာတုလက်နက်များထဲတွင် ထိုဓာတ်ငွေ့သည် သေဆုံးမှုအများဆုံးဓာတ်ငွေ့အဖြစ် ဆက်လက်တည်ရှိနေပေသည်။

၄။ Soman (GD) (ဆိုမန်)

Soman ကို ၁၉၄၄ ခုနှစ်တွင် ဂျာမနီနိုင်ငံမှ ပိုးသတ်ဆေးအဖြစ် တီထွင်ထုတ်လုပ်ခဲ့ပြီး လူသားတို့ ပြုလုပ်သည့် G-Series ဖြစ်သော အာရုံကြောကို ပျက်စီးချွတ်ယွင်းစေနိုင်သည့် ဓာတ်ငွေ့တစ်မျိုးဖြစ်သည်။

သို့သော် ဆာရင်ကဲ့သို့ပင် ဆိုမန်ဓာတ်ငွေ့ကိုလည်း မဟာမိတ်တပ်ဖွဲ့များ အသုံးမပြုခဲ့ပါချေ။ ထိုဓာတုလက်နက်များကို လက်နက်သိုလှောင်ရုံတွင်သာ သိုလှောင်ထားခဲ့ကြသည်။

ဆိုမန်သည် ဆာရင်ကဲ့သို့ပင် သဘာဝအတိုင်း အရောင်မဲ့သော်လည်း အနံ့မှာ နို့ တစ်ခွက်၏ အနံ့၊ ပရုတ်လုံးကဲ့သို့ အနံ့၊ သို့မဟုတ် ပုပ်သိုးနေသောသစ်သီးကဲ့သို့ အနံ့ရှိသည်။

အခြေခံအားဖြင့် အရည်ဖြင့် တည်ရှိသော်လည်း အပူနှင့် ထိတွေ့သောအခါတွင် အငွေ့အဖြစ် ပြောင်းလဲသွားသည်။ ဆိုမန်သည် ဆာရင်ကဲ့သို့ပင် လူကိုဒုက္ခမျိုးစုံ ဖြစ်စေနိုင်ပြီး Acetylcholinesterase ဟုခေါ်သော လူ့အင်ဇိုင်းကို တိုက်ရိုက်တိုက်ခိုက်သည့်အတွက် ပို၍ပြင်းထန်ကာ သေစေလောက်သော အဆင့်တွင်ရှိသည်။

အရေပြားနှင့်ထိတွေ့ခြင်း၊ မျက်စိနှင့်ထိတွေ့ခြင်း၊ ရှူရှိုက်မိခြင်းစသည့် တိုက်ရိုက်ထိတွေ့မှုများ ဖြစ်ပေါ်ပါက လူ့ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားများနှင့် ဂလင်းများကို ပြင်းထန်စွာလှုပ်ရှားစေသည်။

ယေဘုယျအားဖြင့် ရောဂါလက္ခဏာများသည် စတင်ထိတွေ့သည့်အချိန်မှ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ဖြစ်ပေါ်စေနိုင်ပြီး သွယ်ဝိုက်၍ဖြစ်စေ၊ အနည်းငယ် ရှူရှိုက်မိသည်ဖြစ်စေ များသောအားဖြင့် စိတ်ရှုပ်ထွေးခြင်း၊ ထိန်းချုပ်နိုင်မှု လျော့နည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ နှလုံးခုန်နှုန်းမြန်လာခြင်း၊ အသက်ရှူကျပ်ခြင်းများဖြစ်ပေါ်ကာ သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။

အခြားသော ရောဂါလက္ခဏာများမှာ ဝမ်းလျှောခြင်း၊ နှာရည်ယိုခြင်း၊ ပြင်းထန်စွာ ချောင်းဆိုးခြင်းများ ဖြစ်စေနိုင်သည်။ သို့သော် တိုက်ရိုက်ထိတွေ့မိပါက ချက်ချင်းပင် တက်ခြင်း၊ သွက်ချာပါဒဖြစ်ခြင်း၊ သတိလစ်ခြင်းများဖြစ်ပေါ်စေကာ မိနစ်အနည်းငယ်အတွင်း သေဆုံးနိုင်သည်။

ဆိုမန်ကို မိနစ်အနည်းငယ်အတွင်း ထိရောက်မှုရှိသောကြောင့် ‘ချက်ချင်းပင် အသက်တိုနိုင်သော ခြိမ်းခြောက်မှုတစ်ခု’အဖြစ် သတ်မှတ်ကြသည်။ ၎င်းဓာတ်ငွေ့ သည် ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ ရှိမနေနိုင်သည့်အတွက် စစ်အေးကာလ အတွင်း နိုင်ငံများစွာသည် ဆိုမန်ဓာတ်ငွေ့သိုလှောင် ထားခြင်းများရှိသော်လည်း

၁၉၉၃ ခုနှစ်၊ ဓာတုလက်နက်ဆိုင်ရာ ကွန်ဗင်းရှင်းမှ အာရုံကြောအား ထိခိုက်စေနိုင်သည့် ဓာတုဓာတ်ငွေ့များ အသုံးပြုမှုနှင့် ထုတ်လုပ်မှုများကို တရားဝင်ပိတ်ပင်ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအထိ မှတ်တမ်းများအရ ကမ္ဘာတစ်လွှားတွင် ဆိုမန်ဓာတ်ငွေ့ စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းနီးပါးကို ဖျက်သိမ်းနိုင်ခဲ့ကြသည်။

၃။ Cyclosarin (ဆိုင်ကလို ဆာရင်)

Cyclosarin သည် G-Series အာရုံကြော အေးဂျင့်ဖြစ်သည်။ ဆာရင်ဓာတ်ငွေ့ထက် ၅ ဆ ပိုမို ဆိုးရွားနိုင်သည်ဟု မှတ်ယူထားသော Cyclosarin သည် လူသားတို့အတွက် အလွန်ဆိုးရွားစွာ သေစေနိုင်လောက်သော ဓာတ်ငွေ့ဖြစ်ပြီး ကုလသမဂ္ဂမှ အစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက်အဖြစ် သတ်မှတ်ခဲ့သည်။

G-Series အာရုံကြောအေးဂျင့်သည် ယခင်ကဆာရင်နှင့် ဆိုမန်ဓာတ်ငွေ့များကဲ့သို့ အရောင်မဲ့သော လက္ခဏာရှိသော်လည်း ၎င်း၏အနံ့သည် မွှေးသော မက်မွန်သီးအနံ့နှင့် ဆင်တူသည်။

အဆိပ်အတောက် ဖြစ်စေမှုအပြင် အလွန်မြဲမြံစွာ ပတ်ဝန်းကျင်တွင် တည်ရှိနေနိုင်သည်။ အကြောင်းမှာ ၎င်း၏အရည်ပြုဓာတ်ငွေ့သည် အငွေ့ပြန်မှု အလွန်နှေးကွေးသောကြောင့် ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာရှိနေသည့်အတွက် အလွန်ထိရောက်သော သေစေနိုင်သည့်လက်နက်ဖြစ်ပြီး ဆာရင်ထက် အငွေ့ပြန်မှု ၆၉ ဆပိုနှေးသည်။

ဆာရင်နှင့် ဆိုမန်ကဲ့သို့ပင် လူ့ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားများနှင့် ဂလင်းများကို စက္ကန့်ပိုင်းအတွင်း မထိန်းချုပ်နိုင်အောင်ဖြစ်စေသည်။ ထိတွေ့ခံစားမိသူများအား အလျင်အမြန် သွက်ချာပါဒဖြစ်စေပြီး အသက်ရှူမှုကို ရပ်တန့်စေနိုင်ကာ ၁ မိနစ်မှ ၁ဝ မိနစ်အတွင်း လျင်မြန်စွာသေဆုံးနိုင်သည်။

ဓာတုလက်နက်ထုတ်လုပ်မှုကို ကမ္ဘာအနှံ့တွင် တရားမဝင်တားမြစ်ထားသော်လည်း အီရန်-အီရတ် စစ်ပွဲအတွင်း အီရတ်တို့ဘက်မှ Cyclosarin ဓာတ်ငွေ့ ကို အသုံးပြုခဲ့ကြသည်

၂။ VX

ဓာတုလက်နက်များသည် လူ့သမိုင်းတစ်လျှောက် တီထွင်ခဲ့သမျှထဲမှ အန္တရာယ်အရှိဆုံးနှင့် အစွမ်းထက်ဆုံး လက်နက်များဖြစ်သည်။ ၁၉၅ဝ ပြည့်နှစ်တွင် ယူနိုက်တက်ကင်းဒမ်းမှ ပထမဆုံးရှာဖွေတွေ့ရှိခဲ့သော VX သည် အနံ့နှင့် အရသာ မရှိသော ရောစပ်ပြုလုပ်ထားသည့်အရာဖြစ်ပြီး ပယင်းကဲ့သို့ အရောင်ရှိသည်။

အခြားအာရုံကြောအေးဂျင့်များနှင့်မတူဘဲ မော်တာဆီကဲ့သို့ ပျစ်ချွဲချွဲအရည်ရှိပြီး အဆီပြန်အရည်တစ်မျိုးဖြင့် ဖွဲ့စည်းထားသည်။ ဓာတုလက်နက်ထုတ်လုပ်မှုများ တွင် အငွေ့ပြန်မှုနှုန်း အနိမ့်ဆုံးဖြစ်သောကြောင့် ၎င်းဓာတ်ငွေ့ပျံ့နှံ့သည့် ဧရိယာအကျယ်အဝန်းအား လပေါင်းများစွာကြာအောင် ညစ်ညမ်းအဆိပ်သင့်စေ နိုင်သည်။

ဆာရင်နှင့် ဆိုမန်တို့ကဲ့သို့ အပူပေးသောအခါတွင် အငွေ့အဖြစ်ပြောင်းလဲသွားစေသည်။ ၎င်း၏ လေးလံသော သဘောသဘာဝကြောင့် မြေနိမ့်ပိုင်း နေရာများတွင် အထိရောက်ဆုံးဖြစ်သည်။

အာရုံကြောကို ထိခိုက်စေနိုင်သည့် အခြားသောဓာတ်ငွေ့များကဲ့သို့ပင် အင်ဇိုင်းထုတ်လွှတ်မှုကို ဟန့်တားစေပြီး ကြွက်သားနှင့် ဂလင်းများကို မထိန်းချုပ်နိုင်အောင်ဖြစ်စေကာ ပြင်းထန်စွာတက်ခြင်းကို ဖြစ်ပေါ်စေသည်။

သုတေသီများ၏ လေ့လာမှုများအရ VX သည် ဆာရင်ထက် ၁ဝ ဆပိုမိုဆိုးရွားကာ သေစေနိုင်သည်ဟုဆိုသည်။ လေဖြတ်ခြင်းနှင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း တို့ကြောင့် မိနစ်ပိုင်းအတွင်း သေဆုံးသွားစေနိုင်သည်။

အနည်းငယ်မျှသာ ထိတွေ့မိသည့်တိုင် အသက်ရှင်နိုင်ဖွယ်မရှိဟု ရောဂါထိန်းချုပ်ရေးစင်တာ (CDC) မှ သုံးသပ်ဖော်ပြထားသည်။ ၎င်းတီထွင်မှုအပြီး ၁၉၅၀ ပြည့်နှစ်များတွင် ဂရိတ်ဗြိတိန်သည် ဓာတုလက်နက်များ၏ပါဝင်ပစ္စည်းများအား အမေရိကန်ပြည်ထောင်စုရှိ နျူကလီးယားစမ်းသပ်ချက်များအတွက် ကုန်သွယ်မှုများဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းနှစ်များတွင် V Series အာရုံကြောအေးဂျင့်များကို အများအပြား ထုတ်လုပ်သိုလှောင်ခဲ့ကြသည်။

နောင်များမကြာမီ ၁ဝ စုနှစ်ကာလအတွင်း ဆိုဗီယက်ယူနီယံသည်လည်း ထိုနည်းအတိုင်းပင် ထုတ်လုပ်သိုလှောင်ခဲ့ကြသည်။ စစ်အေးကာလအပြီးတွင် VX သိုလှောင်မှုအများစုကို ဖျက်သိမ်းခဲ့ကြသော်လည်း ကျူးဘားနှင့် အီရတ်တို့သည် ၁၉၈ဝ ပြည့်နှစ်များအတွင်း ရန်သူ့တပ်များနှင့် သောင်းကျန်းသူများအား တိုက်ခိုက်ရာတွင် VX ဓာတ်ငွေ့ကိုအသုံးပြုခဲ့ကြသည်ဟု ယုံကြည်ကြသည်။

မကြာသေးမီကာကလပင် မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်၏အစ်ကိုဖြစ်သူ ကင်ဂျုံနမ်သည် VX တိုက်ခိုက်မှုဖြင့် သေဆုံးခဲ့ရသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် VX ဓာတ်ငွေ့ရှိနေခြင်းသည် ကမ္ဘာကြီးအား ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပေသည်။

၁။ Novichok Agents

Novichok သည် ရုရှားဘာသာဖြင့် အသစ်ရောက်ရှိသူဟု အဓိပ္ပာယ်ရသည်? ဆိုဗီယက် သိပ္ပံပညာရှင်များက စစ်အေးကာလအပြီးတွင် တီထွင်ခဲ့သော ဓာတုလက်နက်အမျိုးအစားသစ် တစ်မျိုးဖြစ်သည်။

လက်ရှိတွင် Novichok Agents များသည် သမိုင်းတွင် အစဉ်အဆက်ဒီဇိုင်းရေးဆွဲထားသည့် အဆိုးရွားဆုံး သေစေနိုင်သည့် ဓာတုလက်နက်ဖြစ်သည်။ ဆိုဗီယက်တို့တီထွင်ခဲ့သည့် Novichok များကို Foliant ဟု လူသိများကြပြီး ရုရှားသိပ္ပံပညာရှင်များက အပိုင်း (၅) ပိုင်းခွဲ၍ ဖော်ပြခဲ့ကာ ၁၉၇၁ ခုနှစ်မှ ၁၉၉၃ ခုနှစ်အကြားတွင် နည်းပညာများတိုးတက်ခဲ့သည်။

ထိုဓာတုလက်နက်နှင့်ပတ်သက်၍ အနည်းငယ်သာ သိရှိရသော်လည်း ၎င်းသည် VX, Sarin, Soman နှင့် Cyclosarin ကဲ့သို့သော လူ့အင်ဇိုင်းများကို နှိမ်နင်းခြင်းဖြင့် ကြွက်သားနှင့် ဂလင်းများကို မထိန်းချုပ်နိုင်အောင်ဖြစ်စေသည်။

ထိုသို့ ခံစားရပြီး မကြာခင်မှာပင် အသက်ရှူကျပ်ခြင်းနှင့် နှလုံးရပ်တန့် ခြင်းများဖြစ်ပေါ်နိုင်ပေသည်။ ၎င်းဓာတုဓာတ်ငွေ့နှင့် ထိတွေ့သူတိုင်းပင် သေစေနိုင်ပေသည်။ Novichok Agents နှင့်ပတ်သက်၍ လူသားများနှင့် ထိတွေ့မှုဖြစ်စဉ်များတွင် သဲလွန်စမှာ အလွန်နည်းပါးပြီး ၁၉၈၇ ခုနှစ် မော်စကိုရှိ ဓာတ်ခွဲခန်း မတော်တဆဖြစ်မှုတွင် ဓာတ်ငွေ့ထိတွေ့မှုခံခဲ့ရသူ Andrel Zhelezyakov သည် ယင်းမတော်တဆဖြစ်ရပ်မှ မသန်စွမ်းဖြစ်ခဲ့ရသည်။

၎င်းသည် ပြင်းထန်စွာ အသည်းခြောက်ခြင်း၊ ဝက်ရူးပြန်ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ အာရုံစူးစိုက်မှုမရှိခြင်း စသည့်ရောဂါ လက္ခဏာများကိုခံစားခဲ့ရသည်။ ထိုသူသည် နောင် ၅ နှစ်အကြာ ၁၉၈၇ ခုနှစ်၊ ဇူလိုင်လတွင် ကွယ်လွန်ခဲ့ရသည်။

ယခင်ဓာတုလက်နက်များနှင့်မတူဘဲ Novichok များသည် အမြောက်များတွင် ထည့်သွင်း၍ ပစ်ခတ်နိုင်ပြီး ဆေးမှုန့်များ၊ ဓာတ်ငွေ့များ၊ အရည်များနှင့် ဖုန်မှုန့်များကို အမြောက်ဆန်များ၊ ဒုံးကျည်များနှင့် ဗုံးများတွင်ထည့်သွင်းအသုံးပြုကာ သေစေရန်ဖန်တီးထားသည်။

စစ်အေးကာလအပြီးတွင် Novichok များကို ဆိုဗီယက်များမှ ဖျက်ဆီးခဲ့သည်ဟု ကြေညာခဲ့သော်လည်း ပြည်ပရောက် ရုရှားနိုင်ငံသားများကမူ ရုရှားနိုင်ငံတွင် ဆက်လက်အသုံးပြုနေကြသည်ကို ယုံကြည်ရန် အမေရိကန်နှင့် အခြားအနောက် နိုင်ငံများကို ဦးဆောင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လူတစ်ဦးအတွက် Novichok အာရုံကြောအေးဂျင့် များသည် လူ့သမိုင်းတွင် အစဉ်အဆက် ဆန်းသစ်တီထွင်ခဲ့သည့် အဆိုးရွားဆုံးနှင့် အပြင်းထန်ဆုံး ဓာတုလက်နက်များပင် ဖြစ်ပါသည်။

ဓာတုလက်နက်များ ထုတ်လုပ်မှုများအား ကမ္ဘာ့နိုင်ငံအသီးသီးမှ ခွင့်မပြုထားသော်လည်း ယနေ့ထက်တိုင်ပင် လျှို့ဝှက်စွာရှိနေကြောင်း လေ့လာဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် ဓာတုလက်နက်များသည် ကမ္ဘာသူ၊ ကမ္ဘာသားများ၏ အနာဂတ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Credit-Author: မောင်စည်း

Crd