

“ရုရှားရေနံ လျှော့ဝယ်ရန်”ဘိုင်ဒန် ထပ်မံ ဖိအားပေးသော်လည်း အိန္ဒိယအနေဖြင့် စကားဆက်ရန်ခက်ခဲ ( ပူတင်နဲ့ ဇီလင်စကီး ပွဲကောင်းနေချိန်မှာ ဘိုင်ဒန်နဲ့ မိုဒီတို့က ပွဲဖြစ်နေပြီလား…)

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် ဧပြီ ၁၁ ရက်က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ ဘိုင်ဒန်သည် အမေရိကန်နှင့် ၎င်း၏အနောက်နိုင်ငံမဟာမိတ်များနှင့်အတူ ရုရှားစွမ်းအင် ဝင်ငွေကို တားဆီးရေးလှုပ်ရှာမှုတွင် အိန္ဒိယပူးပေါင်းပါဝင်စေလိုကြောင်းနှင့် “ယခုအချိန်တွင် ရုရှားရေနံစသည့်ကုန်စည်ပစ္စည်းများကို ထပ်တိုးမဝယ်ယူရန်”အဆိုပြုခဲ့ကြောင်း သိရသည်။ အမေရိကန်၏ ယခုအကြိမ် နောက်ဆုံးသတိပေးတောင်းဆိုချက်အပေါ်

အိန္ဒိယအစိုးရအနေဖြင့် တုန့်ပြန်မှုမရှိခဲ့ပေ။ အမေရိကန်၏”လမ်းညွှန်မှုအပေါ် အိန္ဒိယအနေဖြင့် အလိုက်သင့်နေရန် ခက်ခဲ အမေရိကန်အနေဖြင့် “အိန္ဒိယ၏စွမ်းအင်အရင်းအမြစ် စုံလင်ကြွယ်ဝအောင် ဖော်ဆောင်ရာတွင် ကူညီဆောင်ရွက်ပေးမည်”ဖြစ်ပြီး “ရုရှားစွမ်းအင် သို့မဟုတ် အခြား ကုန်စည်များကို ပိုမိုလျင်မြန်စွာ သို့မဟုတ် ပမာဏထပ်တိုး တင်သွင်းခြင်းက အိန္ဒိယ၏အကျိုးစီးပွားနှင့်မကိုက်ညီကြောင်း”တွေ့ဆုံဆွေးနွေးမှုတွင် ဘိုင်ဒန်က မိုဒီအား ပြောကြားခဲ့သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူJen Psakiက

သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အိန္ဒိယအမျိုးသားအကျိုးစီးပွားအတွက် ဘိုင်ဒန်၏ လမ်းညွှန်မှုကို လိုက်လျောမည့်ဆန္ဒရှိကြောင်း မိုဒီက ထုတ်ပြန်သည့်ကြေညာချက်တွင် မဖော်ပြခဲ့ပေ။ APသတင်းဌာန၏ ဖော်ပြချက်များအရ တွေ့ဆုံဆွေးနွေးပွဲကို “နှစ်ဖက်ဆက်ဆံရေး တိုးမြှင့်ရန် ကတိကဝတ်”ပြုကြောင်း ဘိုင်ဒန်၏ ကြေညာချက်ဖြင့် အဆုံးသတ်ခဲ့ပြီး အိန္ဒိယအနေဖြင့်

အမေရိကန်အုပ်စုတွင်ပါဝင်ကာ ၎င်းတို့နှင့်အတူ ရုရှားအား ပြစ်တင်ရှုတ်ချရန် ရှိမရှိအပေါ် အိမ်ဖြူတော်အရာရှိက အတည်မပြုနိုင်ကြောင်းနှင့် ရွေးချယ်ခွင့်၏အဆုံးသတ်မှာ မိုဒီအစိုးရလက်ထဲ၌သာရှိသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုအစတွင် ဘိုင်ဒန်က အမေရိကန်နှင့်အိန္ဒိယသည် ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့်

ရုရှား-ယူကရိန်းပဋိပက္ခမှ စားနပ်ရိက္ခာနှင့်အခြား အသုံးအဆောင်ပစ္စည်း ဈေးကွက်ကို လှုပ်ခတ်သက်ရောက်နိုင်မှုများအား မည်သို့ တားဆီးထိန်းချုပ်မည့်အရေး ဆက်လက် နီးကပ်စွာညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ မိုဒီက ယူကရိန်းအခြေအနေသည် “အလွန်တရာ စိုးရိမ်ဖွယ်”ဖြစ်သည်ဟု ယူဆကြောင်း၊ ၎င်းအနေဖြင့် ရုရှားသမ္မတနှင့်ယူကရိန်း သမ္မတတို့အား အသီးသီးဆက်သွယ်ခဲ့ပြီး နှစ်ဖက်ငြိမ်းချမ်းရေးဖြင့် ပဋိပက္ခဖြေရှင်းရန် တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုရက်မှာပင်

အမေရိကန်-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှင့်ကာကွယ်ရေးဝန်ကြီးများ”၂+၂”အစည်းအဝေးကို ဝါရှင်တန်၌ ကျင်းပခဲ့သည်။ နှစ်ဖက်တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲအသီးသီးကျင်းပခဲ့ရာ အမေရိကန်ဘက် ပြောရေးဆိုခွင်ရှိသူက အမေရိကန်နှင့်အိန္ဒိယသည် “ဘုံစံတန်ဖိုး”ရှိကြကြောင်း အလေးထားပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankarက “ကိန်းဂဏန်းအချက်အလက်တွေအရ

ကြည့်မယ်ဆိုရင် အခုလ အိန္ဒိယဝယ်ယူတဲ့(ရုရှားစွမ်းအင်)၏ စုစုပေါင်းပမာဏဟာ ဥရောပတိုက်၏ တစ်မနက် ဝယ်ယူမှုပမာဏကို မမီသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုပြောကြားချက်အပေါ် အမေရိကန် မီဒီယာများက S. Jaishankarသည် အမေရိကန်၏”ရုရှားစွမ်းအင် ဝယ်ယူမှု”ပူပန်ချက်၏ ဦးတည်ရာက အိန္ဒိယမဟုတ်ဘဲ

ဥရောပတိုက်နိုင်ငံများ ဖြစ်သင့်သည်ဟု သွယ်ဝိုက်အနက်ဖွင့်ပြောကြားခြင်းဖြစ်ကြောင်း ယူဆကြသည်။ အကျိုးအမြတ် ဆက်စပ်မှုတွင် ဖိအားက ထိရောက်မှု မရှိ အိန္ဒိယ စွမ်းအင် တင်သွင်းမှုအရင်းအမြစ်ပမာဏတွင် ရုရှားရေနံ၏ပမာဏက အလွန်နည်းပါးသည်။ အိန္ဒိယ PTI သတင်းများအရ အိန္ဒိယ၏ အကြီးဆုံး ရေနံပံ့ပိုးသည့်နိုင်ငံမှာ အီရတ် ဖြစ်ရာ စုစုပေါင်းပမာဏ၏ ၂၇ ရာခိုင်နှုန်းဖြစ်ပြီး အခြားအဓိကရေနံတင်ပို့ရောင်းချသည့် နိုင်ငံများမှာ ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် အမေရိကန်တို့ဖြစ်ရာ ရာခိုင်နှုန်းအားဖြင့်

၁၇ ရာခိုင်နှုန်း၊ ၁၃ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်း အသီးသီးရှိကြကြောင်း သိရသည်။ ပြီးခဲ့သည့်လက အိန္ဒိယ ရေနံကုမ္ပဏီသည် ရုရှားထံမှ ရေနံစိမ်း စည်ပေါင်း ၃ သန်း ဝယ်ယူခဲ့သည်။ ရုရှားသည် အိန္ဒိယကို လျှော့ဈေးဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း အချို့အိန္ဒိယမီဒီယာများက ဆိုသည်။ ရိုက်တာ သတင်းများအရ ရုရှား-ယူကရိန်း ပဋိပက္ခ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း

အိန္ဒိယသည် ရုရှားထံမှ ရေနံစည်ပေါင်း ၁၃ သန်း တင်သွင်းပြီးဖြစ်ရာ ပြီးခဲ့သည့်နှစ် တစ်နှစ်ပတ်လုံး တင်သွင်းသည့်ပမာဏသည် ၁၆ သန်းသာရှိကြောင်း သိရသည်။ သို့သော် အိန္ဒိယပြောကြားသကဲ့သို့ပင် အမေရိကန်၏ ဥရောပ မဟာမိတ်နိုင်ငံများဖြစ်သည့် ဥပမာ ဂျာမနီသည် ရုရှား ရေနံနှင့်သဘာဝဓါတ်ငွေ့များကို ဆက်လက်တင်သွင်းနေဆဲဖြစ်သည်။ ထိုသို့ မတင်သွင်းပါကလည်း

၎င်း၏ စွမ်းအင်ပံပိုးမှုအကျပ်အတည်း ပို၍ ဆိုးဝါးလာမည်အခြေအနေသာ ရှိနေသည်။ အမေရိကန်နှင့် ၎င်း၏ ဥရောပ မဟာမိတ်များ ကရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှု အဆက်မပြတ်ထပ်တိုးပြီး ရုရှားစွမ်းအင်ထုတ်ကုန်များကို တားဆီးခြင်း သို့မဟုတ် လျှော့ချဝယ်ယူရန် စီစဉ်နေချိန်၌ အိန္ဒိယ၏ ရုရှားရေနံ ထပ်တိုးတင်သွင်းမှုက အမေရိကန်အတွက် မကျေနပ်စရာ ဖြစ်ခဲ့သည်။ ယင်းကိစ္စအတွက် အခြေအနေအမျိုးမျိုးတွင် အိန္ဒိယအား ဖိအားပေးမှုများ ပြုလုပ်ခဲ့ရာ ဧပြီ ၁၁ ရက်

ကျင်းပခဲ့သည့်တွေ့ဆုံဆွေးနွေးပွဲလည်း အပါအဝင် ဖြစ်ခဲ့သည်။ အမေရိကန်၏ ဖိအားပေးမှုကို အကြိမ်ကြိမ်ခံနေရသော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် လက်ရှိတွင် ရုရှားနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားပြီး ရုရှား-ယူကရိန်း ပဋိပက္ခတွင် ကြာားနေရပ်တည်ချက်ထားရှိကာ ကုလသမဂ္ဂတွင် အမေရိကန်ဦးဆောင်သော ရုရှားအကျိုးမဖြစ်ထွန်းရေးအဆိုပြုချက်မဲခွဲဆုံးဖြတ်ရာ၌

ကြားနေမဲပေး ရပ်တည်ခဲ့သည်။ ယခုကာလများအတွင် အိန္ဒိယက ရုရှားမှ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ် ဝယ်ယူခဲ့ရာ ထို့အပေါ် ပိတ်ဆို့အရေးယူနိုင်ကြောင်း အမေရိကန်က ခြိမ်းခြောက်သမှု ပြုခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက အိန္ဒိယနိုင်ငံသည် “အခင်းအကျင်းတစ်ခုလုံးကို ထည့်သွင်းစဉ်းစားခြင်းဖြစ်ပြီး တစ်ဖက်သတ် ရှုမြင်သုံးသပ်ခြင်း မဟုတ်ကြောင်း” ပြီးခဲ့သည်လက ထုတ်ဖော်ပြောကြားခဲ့သည်။

crd-

Crd

Crd